5 July 2013

ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးရေးနှင့် ပတ်သက်သော ဘဏ်မရှိ၍ တောင်သူများ စိုက်စရိတ်ချေးငွေ မရရှိ

ရှမ်းအရှေ့ ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးရေးနှင့် ပတ်သက်သော ဘဏ်မရှိ၍ တောင်သူများ စိုက်စရိတ်ချေးငွေ မရရှိ

5.7.2013

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ဒေသခံများမှာ အစိုးရမှ စိုက်စရိတ်ချေးယူလိုသော်လည်း စိုက်စရိတ်ချေးငွေနှင့်ပတ်သက်သော ဘဏ်မရှိသဖြင့် တောင်သူလယ်သမား စိုက်စရိတ်ချေးငွေ မရရှိကြကြောင်း သိရှိရပါသည်။

““ အစိုးရက စိုက်စရိတ်ကို အရင်နှစ်တွေက ထက်ပိုပြီးတော့ ထုတ်ချေးလာတယ်။ အရင် အစိုးရလက်ထက် က တစ်ဧကကို ငါးထောင်နှုန်း ချေးပေးတယ်။ အခုအစိုးရ တက်လာတော့ ပထမနှစ်မှာ တစ်ဧကကို နှစ်သောင်းနှုန်း ဒုတိယနှစ်မှာ တစ်ဧကကို ငါးသောင်းနှုန်း နဲ့ အခုနှစ်မှာတော့ တစ်ဧကကို ကျပ်တစ်သိန်းအထိ ထုတ်ချေးပေးလာတယ်။

အရင် ငါးထောင်နှုန်း တုန်းကတော့ မချေးချင်ဘူး ရမှာနဲ့ ခရီးစရိတ်နဲ့ စာရွက်စာတမ်း လုပ်ရတာနဲ့က မကာမိလို့ သိပ်ပြီး စိတ်မ၀င်စားပါဘူး။ နှစ်သောင်းလောက်အထိပေါ့။ ငါးသောင်း လောက် ကနေ အခု တစ်သိန်းအထိဆိုတော့ တကယ်ဘဲ စိုက်စရိတ်အတွက် အထောက်အပံ့ဖြစ်လာတယ်။ အတိုးနှုန်းကတော့ အရင်ကတည်း နှစ်ကျပ်နှုန်းဘဲ။ အတိုးလည်း သက်သာတယ်လေ။ ဒါကြောင့် လိုချင်မိတယ်။ ဒါပေမယ့် ဦးတို့ မြို့မှာက စိုက်စရိတ်နဲ့ ပတ်သက်တဲ့ စိုက်ပျိုးရေး ဘဏ်ကမရှိတော့ တစ်မြို့လုံးက လယ်သမားတွေ စိုက်စရိတ်မရကြဘူး။ အားလုံးကလည်း လိုချင်ကြတယ်။ အစိုးရက ဦးတို့ ကျိုင်းတုံမြို့မှာ အဲ့ဒီဘဏ်လာဖွင့်ပြီး ပေးနိုင်ရင်တော့ ဦးတို့လယ်သမားတွေ အတွက် အဆင်ပြေမှာပါ ”” လို့ ကျိုင်းတုံမြို့ က လယ်သမားတစ်ဦး ဖြစ်သူ ဦးကျော်မြင့် က ပြောပြခဲ့ပါတယ်။

စိုက်စရိတ်ချေးငွေသည် ရာသီ သီးနှံအတွက် ထုတ်ပေးခြင်း မဟုတ်ဘဲ စပါးစိုက်ပျိုးနိုင်ရန် ထုတ်ချေးပေးခြင်း ဖြစ်ကြောင်း သိရှိရကာ ကျိုင်းတုံမြို့တွင် လယ်သမား တစ်ထောင် ကျော်ရှိကာ ဒေသခံ တောင်သူလယ်သမားများအတွက် စိုက်ပျိုးရေးဘဏ်တစ်ခု ဖွင့်လှစ်ဆောင်ရွက် ပေးနိုင်ရန် လိုလားလျှက်ရှိကြောင်း သိရှိရပါသည်။

အိမ်မဲသား

No comments: